လေ့ကျင့်ခန်းလုပ်ပြီးတိုင်း မဖြစ်မနေရေချိုးပေးဖို့ မမေ့ပါနဲ့
ရေချိုးခန်းပါတဲ့ Gym တွေမှာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ တော်တော်များများ ရေချိုးတတ်ကြပေမယ့်၊ ရပ်ကွက်ထဲက Gym မှာ ကစားသူတွေဟာ များသောအားဖြင့် ရေမချိုးတတ်ပါဘူး။ အိမ်ပြန်ရောက်မှ ရေချိုးသူတွေလည်း ရှိသလို၊ ကြားထဲမှာ အရပ်တကာပတ်ရင်း အချိန်တော်တော်ကြာတဲ့အထိ ရေမချိုးဘဲ နေတတ်ကြပါတယ်။
ယောက်ျားလေးပဲဖြစ်စေ၊ မိန်းကလေးဖြစ်စေ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးသွားပြီဆိုရင် ခန္ဓာကိုယ်က ချွေးထွက်တတ်ပါတယ်။ ဒီချွေးတွေကို သေချာသန့်ရှင်းရေးမလုပ်တဲ့အခါ အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးတွေ များလာပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာလို့ ကိုယ်ခံအားကျဆင်းပြီး လူကို နေမကောင်းဖြစ်စေနိုင်ပါတယ်။ ဒီအတွက်လည်း ရေချိုးသန့်စင်ပေးဖို့ အရေးကြီးတယ်လို့ ဆိုရတာပါ။
လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေချိုးခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေကို ကြည့်မယ်ဆိုရင်
၁။ အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပြီး ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါ၊ တင်ပါးနဲ့ တခြားချွေးအောင်းနိုင်တဲ့နေရာတွေက အနံ့ဆိုးတွေကို လျှော့ချပေးနိုင်ပါတယ်။
၂။ ပိတ်နေတဲ့ ချွေးပေါက်တွေကို ပွင့်သွားစေပြီး ဝက်ခြံနဲ့ တခြားအရေပြားပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။
၃။ အပြင်ဘက် အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ လျော့နည်းသွားတာကြောင့် ကိုယ်ခံအားစနစ်ကို တက်စေ-ပါတယ်။
၄။ ကြွက်သားနာကျင်ကိုက်ခဲခြင်းကို သက်သာစေပြီး အကြောအချဉ်တွေ ပြေလျော့စေပါတယ်။
၅။ လူကို လန်းဆန်းတက်ကြွစေပြီး ဗိုက်ပိုဆာစေတာကြောင့် ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်ဖြည့်ဖို့ အစာစားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
၆။ ခန္ဓာကိုယ်ကနေ စိတ်ဖိစီးမှုဟော်မုန်းများ ထွက်လာတာကို နှောင့်နှေးစေပါတယ်။
၇။ တစ်နေ့တာပင်ပန်းခဲ့သမျှကို သက်သာစေပါတယ်။
၈။ အရေပြားကို ကျစ်လျစ်စေလို့ အရေးကြောင်းတွေကို သက်သာစေရုံသာမက ကြွက်သားအကျစ်ဆော့နေသူတွေအတွက်လည်း ကောင်းကျိုးရှိပါတယ်။
၉။ မိန်းကလေးတွေမှာ မိန်းမကိုယ်မှိုစွဲခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။
၁၀။ ယောက်ျားလေးတွေမှာ ပွေးမပေါက်အောင် ကာကွယ်ပေးပါတယ်။
ဒီတော့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေချိုးပေးခြင်းဟာ ကျန်းမာရေးအတွက်ရော ကိုယ့်ရဲ့အရေပြားအတွက်ပါ ကောင်းကျိုးများစွာ ရှိစေပါတယ်။ သတိထားရမှာက လေ့ကျင့်ခန်းလုပ်ပြီးလို့ ချွေးအရမ်းထွက်နေတဲ့အချိန်မှာတော့ ရေမချိုးသင့်ဘဲ ကြားထဲမှာ ရေသောက်တာ၊ ပရိုတင်းဖျော်ရည်သောက်တာ၊ ခဏထိုင်ပြီး အဝတ်အစားလဲရင်း ချွေးသုတ်ပြီးမှ ရေချိုးပေးသင့်ပါတယ်။
ရေပူချိုးမလား၊ ရေအေးချိုးမလား။
ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်သူတွေမှာ ရေအေးနဲ့ ချိုးဖို့ သင့်တော်ပေမယ့် ကိုယ်က အလေးမလေ့ကျင့်ခန်းလိုမျိုး ကြွက်သားတွေကို အလွန်အကျွံအသုံးပြုရတဲ့သူတွေမှာ နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်တာကြောင့် ရေပူချိုးပေးခြင်းဖြင့် ဒီဝေဒနာကို လျော့နည်းစေနိုင်ပါတယ်။ ယောက်ျားလေးတွေအနေနဲ့ ရေပူချိုးတာကို တစ်ခါတလေမှသာ လုပ်သင့်ပြီး အမြဲတမ်းချိုးရင်တော့ သုက်ပိုးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
လေ့ကျင့်ခန်းလုပ်သူတိုင်း
၁။ ချွေးများများထွက်တဲ့အထိ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်ပါ။
၂။ ချွေးခြောက်သွားအောင် အရင်စောင့်ပါ။
၃။ ရေများများ သောက်ပေးပါ။
၄။ ချွေးခြောက်ပြီဆိုတာနဲ့ ရေကိုသေချာချိုးပါ။
၅။ အကယ်လို့ ကိုယ်က Gym မှာ ရေမချိုးချင်ဘူးဆိုရင် အိမ်အမြန်ပြန်ပြီး အိမ်ရောက်တာနဲ့ ရေကိုအရင်ဦးဆုံး ချိုးပေးပါ။
၆။ လေ့ကျင့်ခန်းလုပ်တုန်းက ဝတ်ထားခဲ့တဲ့ အဝတ်အစားတွေအကုန် လျှော်မယ့်နေရာထည့်ပါ။ ထပ်ပြီး မဝတ်ပါနဲ့။
၇။ ရေချိုးပြီးတဲ့အခါ ဗိုက်တော်တော်ချောင်နေမှာဖြစ်လို့ ပြည့်ဝပြီး အာဟာရရှိတဲ့ အစားအစာတွေကို စားပေးပါ။
၈။ ညဘက်မှာ အိပ်ရေးဝအောင် အိပ်ဖို့မမေ့ပါနဲ့။
အကောင်းဆုံးကတော့ Gym ကစားသူတိုင်း ရေချိုးဖို့အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို တစ်ခါတည်း ယူဆောင်လာပေးပါ။
ရေးသားသူ - ရဲမျိုးမြတ်